Grade-5 နှင့် Grade-9 စာမေးပွဲဆိုင်ရာကြီးကြပ်ရေးမှူးများ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ကြို့ပင်ကောက်   ဖေဖော်ဝါရီ   ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အခြေခံပညာကျောင်းများ၏ Grade-5 နှင့် Grade-9 စာမေးပွဲဆိုင်ရာကြီးကြပ်ရေးမှူးများ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို အ.ထ.က(ပန်းတင်)ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးကျော်နိုင်က Grade-5 နှင့် Grade-9 စာမေးပွဲများသည် ပြောင်းလဲလာသော ပညာရေးစနစ်သစ်အတွက် အလွန်အရေးကြီးကြောင်း စာမေးပွဲမကျင်းပမှီ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စာမေးပွဲကျင်းပနေဆဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စာမေးပွဲကျင်းပအပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ခရိုင်အဆင့် သင်တန်းတွင် သွားရောက်သင်ယူခဲ့သော တာဝန်ခံဆရာများက ပြန်လည်မျှဝေပေးသွားမည်ဖြစ်ရာ ဂရုတစိုက် လိုက်လံမှတ်သားပြီး တိကျစွာဆောင်ရွက်ဖို့လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဆင့်ပွားသင်တန်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့တွင် ခရိုင်အဆင့် Grade-5 စာမေးပွဲစင်တာ ၇၂ ခုနှင့် တိုင်းအဆင့် Grade-9 စာမေးပွဲစင်တာ ၁၈ ခုတို့မှ စာမေးပွဲဆိုင်ရာကြီးကြပ်ရေးမှူးတာဝန်ခံဆရာဆရာမ ၉၀ ဦးတက်ရောက်သင်ကြားခဲ့ပြီး စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်၍ မတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)