မုံရွာ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အင်းမထီးကျေးရွာ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များအပါအဝင် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ (၃) နာရီအချိန်က မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ ငါးထပ်လူနာကုသဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ကော်မတီအဖွဲ့ဝင် တိုင်းဒေကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အင်မထီးကျေးရွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နေအိမ်များ တည်ဆောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ အပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များ ပြန်လည်တည်ဆောက်ပေးနိုင်ရေးလက်ရှိ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းများတိုးတက်ကောင်းမွန်မှု ရရှိနိုင်ရေး တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်ရေး၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး အပါအဝင် လက်ရှိဒေသအခြေအနေ အခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အင်းမထီးကျေးရွာပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က တည်ဆောက်ရေး လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး၊ ဒေသအခြေအနေနှင့်အညီ ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဌာနများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ခရိုင်(ပြန် /ဆက်)