နတ်မောက် ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ တပို့တွဲလ မြန်မာ့ရိုးရာ ထမနှဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များအနက် တပို့တွဲလသည် မြန်မာ့ရိုးရာ ထမနှဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လေ့ရှိသော ကာလဖြစ်ပြီး ထမနှဲထိုးရာတွင် အဓိကပါဝင်သော ပစ္စည်းများမှာ ကောက်ညှင်းဆန်၊ မြေပဲလှော်၊ နှမ်းလှော်၊ အုန်းသီး၊ နှမ်းဆီ (သင့်တော်ရာဆီ)၊ ဂျင်း၊ သကြား၊ ဆား စသည့် ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ ထမနှဲထိုးရကာ ရရှိလာသော ထမနှဲများကို ဘုရား ဆွမ်းကပ်ခြင်း၊ ဘုန်းကြီးဆွမ်းလောင်းလှူခြင်း၊ အလှူအတန်းများပြုလုပ်ခြင်းနှင့် အနီးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများကို ပေးဝေလေ့ရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ ထမနှဲထိုးပြိုင်ပွဲတွင် ထွေ/အုပ်အသင်း၊ စည်ပင်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းဦးစီး၊ မီးသတ်၊ သစ်တော၊ တမာပင်ရပ်ကွက်၊ မြို့မကွက်သစ်ရပ်ကွက်၊ ရန်အောင် မြင်ရပ်ကွက်၊ စျေးရပ်ကွက်စသည့် ပြိုင်ပွဲဝင်အသင်းပေါင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ်ပေးဒိုင်လူကြီးများက ပြိုင်ပွဲဝင်အသင်းများ ကြိုးစားယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားပေးခဲ့ကြသည်။
ထမနှဲထိုးပြိုင်ပွဲတွင် အခင်းအကျင်းပြင်ဆင်မှု၊ ပြိုင်ပွဲဝင်များ ဝတ်စားဆင်ယင်မှု၊ စည်းလုံးညီညွတ်မှု၊ အရသာကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အချိန်မီပြီးစီးမှု စသည့်သတ်မှတ်ထားသော အမှတ်ပေးစည်းမျည်းများနှင့်အညီ အမှတ်ပေးကာ အဆိုပါပြိုင်ပွဲတွင် မြို့နယ်ထွေ/အုပ်အသင်းက ပထမဆု၊ လမ်းဦးစီးအသင်းက ဒုတိယဆု၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အသင်းက တတိယဆုနှင့် ကျန်အသင်းများမှာ နှစ်သိမ့်ဆုများရရှိခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် တာဝန်ရှိသူများကဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှဝင်း