ပွင့်ဖြူ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေရရှိစေရန် မြေအောက်ရေဖြင့် ဆောင်းကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့မြို့နယ်က ဒေသခံတောင်သူတွေဟာ မြေအောက်ရေနဲ့ မုန်းချောင်းရေကို အမှီပြုပြီးတော့ နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်မှာ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုနှစ် ဆောင်းသီးနှံရာသီမှာဆိုရင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို နိုဝင်ဘာလဆန်းလောက်ကစပြီး စတင်စိုက်ပျိုးခဲ့ပါတယ်။ ခုဆိုရင် ဒေသခံတောင်သူတွေ အားထားစိုက်ပျိုးတဲ့ ဆောင်းကြက်သွန်နီစိုက်ခင်းတွေက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်ဗျ။ ကြက် သွန်နီစိုက်ပျိုးရေးလုပ်ငန်းက စိုက်ပျိုးစရိတ်အရင်းအနှီးက တစ်ဧကကို အနည်းဆုံး ငွေကျပ်(၁၀)သိန်းဝန်းကျင်လောက် ရင်းနှီးထားရတယ်ဗျ။ အထွက်နှုန်းအနေနဲ့ကတော့ အောင်မြင်ဖြစ်ထွန်းမှု အပေါ်မူတည်ပြီး ပျမ်းမျှ ပိဿာချိန် ၃၅၀၀ မှ ၄၀၀၀ အထိ ထွက်ရှိနိုင်ပါတယ်။ ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို မိုးရာသီနဲ့ ဆောင်းရာသီမှာ အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒီနှစ် စိုက်ပျိုးထားတဲ့ ဆောင်းကြက်သွန်နီစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် ကြက်သွန်နီပေါ်တဲ့အချိန် ဈေးကောင်းရရှိဖို့အတွက် ဒေသခံတောင်သူများက မျှော်လင့်နေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို ဆည်တော်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာ၊ အင်းနက်ကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရပြီး ဒေသခံတောင်သူများက မိမိတို့စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများကို မကွေးမြို့နှင့် မင်းဘူးမြို့တို့အပြင် ရန်ကုန်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)