ပဲခူး ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် မိုးယွန်းကြီးအင်းဘေးမဲ့တော၊ ကြိုးကြာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးရိုးမသည် နိုင်ငံအတွင်း ပထဝီအနေအထားအရ ဧရာတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူး-စစ်တောင်းမြစ်ဝှမ်းဒေသနှင့် မုတ္တမပင်လယ်ကွေ့ဒေသများ၏ ရေဝေရေလဲအတွက် အထောက်အကူဖြစ်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်၊ တမံများပေါများခြင်း၊ ကုန်းတွင်းရေဝပ်ဒေသလည်းရှိသဖြင့် ကောင်းမွန်သော ဂေဟစနစ်ပိုင်ဆိုင်ထားကာ စားနပ်ရိက္ခာဖူလုံစေရေးအတွက် အဓိကအရင်းအမြစ် ဒေသတစ်ခုဖြစ်ကြောင်း၊ မိုးယွန်းကြီးအင်းသည် ဒေသခံပြည်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းများအတွက် ပံ့ပိုးဖြည့်ဆည်းပေးနေသည့်အပြင် ဌာနေရေပျော်ငှက်များ၊ ကမ္ဘာ့မြောက်ခြမ်းနှင့်တောင်းခြမ်းတို့မှ ဆောင်းခိုငှက်များ၊ မိုးခိုငှက်များ ခိုလှုံကျက်စားနေထိုင်နိုင်သည့် နယ်မြေတစ်ခုဖြစ်ကြောင်း၊ ဆောင်းခိုငှက်များ အစာပေါများစွာရရှိစေရန်နှင့် ငါးသယံဇာတများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ဒေသရင်းငါးမျိုးများကိုလည်း နှစ်စဉ်ထည့်သွင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ရေဝပ်ဒေသများသည် လူနှင့်သဘာဝပတ်ဝန်းကျင်ကို များစွာအထောက်အကူပြုနေသဖြင့် ရေသယံဇာတ ထုတ်ယူခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းကို ဟန်ချက်ညီညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day) ကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းတင်ပြခဲ့ပြီး ရေဝပ်ဒေသထိန်းသိမ်းကာကွယ်ခြင်း အသိပညာပေးဗီဒီယိုအား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့(World Wetlands Day)အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲကြပြီး မိုးယွန်းကြီးအင်းအတွင်း မြန်မာမျက်လုံးလိပ် (၁၀၀) ကောင်နှင့် စင်းလျောလိပ်(၄၆)ကောင်တို့အား ဇီဝိတဒါနလွှတ်ပေးခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးယွန်းကြီးအင်းအား စက်လှေများဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)