ပူတာအို ဖေဖော်ဝါရီ ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပူတာအိုမြို့နယ် ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့-မန်စေ-မန်စေခွန်လမ်း (ပူတာအိုလွင်ပြင်ပတ်လမ်း) ပေါ်ရှိ နမ့်ပလပ်ချောင်းကူး ကွန်ကရစ်တံတားအား အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု(၆၈)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
နမ်ပလပ်ချောင်းကူးကွန်ကရစ် တံတားသည်အရှည်ပေ (၂၄၀) ပေ၊ အကျယ် (၂၄) ပေတည်ဆောက်လျက်ရှိပြီး တံတားအမျိုးအစားမှာ တံတားကိုယ်ထည် သံကူကွန်ကရစ်ရေလယ်တိုင်နှင့် သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ တံတားအပေါ်ကိုယ်ထည် သံကူကွန်ကရစ်ယက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်း၊ တံတားခန်းဖွဲ့ (၆၀) ပေ (၄) ခန်းဆောက်လုပ်ခြင်းဖြစ်ရာ တံတားပေါ်တွင် ခွင့်ပြုအလေးချိန်တန်(၃၆) တန်ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သည်။
ပူတာအိုလွင်ပြင်ပတ်လမ်းသည် လမ်းအရှည် (၂၅) မိုင်အတွင်းရှိ လမ်းတံတားများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-ခုနှစ် ပထမ (၆) လပတ်တွင် ကွန်ကရစ်လမ်း (၃) မိုင် (၄) ဖာလုံ၊၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် နမ်ရှယ်ကော့-မန်စေခွန်သဲကျောက် (၇) မိုင်ခင်းခြင်းလုပ်ငန်း၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင်ပေ (၁၅၀) အောက်ရှိ ကွန်ကရစ်တံတားလေးစင်းနှင့်Box Culvert (၄) စင်း၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင်မုဒုံ (၂) -ပမ္မတီးကွန်ကရစ်လမ်း (၁) မိုင် ခင်းခြင်းလုပ်ငန်း၊ ပေ (၆၀) အောက်ရှိ ကွန်ကရစ်တံတားခြောက်စင်းနှင့်Box Culvert (၄) စင်း၊၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လပတ်တွင် ကွန်ကရစ်လမ်းနှစ်မိုင်နှင့် နတလရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းတစ်မိုင်၊၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း(၇)မိုင်၊ ကွန်ကရစ်တံတားနှစ်စင်းနှင့်Box Culvert(၁၅)စင်း၊ နတလရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း (၄) မိုင်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း(၆) မိုင်(၄) ဖာလုံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလပ်ချောင်းကူးကွန်ကရစ်တံတားကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြု ရန်ပုံငွေခန့်မှန်းလုပ်ငန်းတန်ဖိုး ကျပ်သန်းပေါင်း (၁၀၈၀ဒသမ၀၀) သန်းဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်မတ်လတွင် လုပ်ငန်းစီမံကိန်း ပြီးစီးနိုင်ရေးတွန်းအားပေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ယခင်ကအဆိုပါတံတားနေရတွင် ကြိုးတံတားတစ်စင်းသာရှိခြင်းကြောင့် သုံးဘီး ဆိုင်ကယ်များသာသွားလာနိုင်ပြီး မိုးတွင်းကာလများတွင် သွားလာရန်ခက်ခဲသော နေရာတစ်နေရာ ဖြစ်လျက်ရှိရာ အဆိုပါတံတားတည်ဆောက် ရေးလုပ်ငန်းပြီးစီးသွားပါက ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ ကျေးရွာ(၂၈) ရွာ၊ အိမ်ခြေ(၂၀၅၆)၊ လူဦးရေ(၁၀၉၄၀)ဦးတို့ ၏ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသထွက်ကုန်များကိုအချိန်တိုအတွင်း မြို့ပေါ်သို့ပို့ဆောင်နိုင်မည့်အပြင် ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်တွင်ရှိခြင်းကြောင့် ခရီးသွားလုပ်ငန်းအတွက်လည်းများစွာအကျိုးပြုမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ တံတားစီမံကိန်းတည်ဆောက်ရေး လုပ်ငန်းပြီးစီးမှုအခြေအနေ၊ လက်ရှိဆောက်လုပ်နေမှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၂၈) ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရ သည်။
ဖုန်ကန် (ပူတာအို)