ကျိုက်ထို ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းစိုးက မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိဖြေဆိုခဲ့သည့်ဘာသာရပ်များအပေါ် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများအား သိရှိဖို့လိုကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပေးလျက်ရှိသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအား အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၍ ဘာသာရပ်ဆိုင်ရာဆရာ၊ ဆရာမများပို့ချပေးသည့် ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ်သားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်သန်းသန်းစိုးက ယခုလိုသင်ကြားပြသပေးခြင်းသည် ကျိုက်ထိုမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုသူများအားလုံး အောင်ချက်မြင့်မားစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် သင်ကြားပြသပေးခြင်းဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအတွက် ဖြည့်စွက်အာဟာရအစားအစာများကိုလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြား၍ မြို့နယ်ပညာရေးမှူးဦးမောင်ညိုက ယခင်နှစ်များက အောင်မြင်မှုထက် ယခုနှစ်တွင် အောင်မြင်မှုပိုမိုရရှိစေရန် နည်းပြဆရာ၊ ဆရာမများကဘာသာရပ်အလိုက် သင်ကြားပို့ချသည့်သင်ခန်းစာများကို လိုက်နာသင်ယူနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရန် သင်ကြားပြသမည့် ဆရာ၊ ဆရာမများက မိတ်ဆက်စကားပြောကြားပြီး ဘာသာရပ်အလိုက် သင်ကြားပြသပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် သင်ယူခဲ့ကြသည်။
ယင်းသို့သင်ကြားရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးနှင့် အဖွဲ့ဝင်များက ဖြည့်စွက်အာဟာရအစားအစာများအား ပေးအပ်လှူဒါန်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များက သင်ကြားပြသပေးမှုများအား အားပေးကူညီကြည့်ရှုခဲ့ကြောင်း သိရသည်။
မြိုနယ်ပြန်/ဆက်