ချောင်းဆုံ ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များအရှေ့တွင် စကားပြောဆိုရာ၌ ရဲဝံ့စွာစကားပြောဆိုနိုင်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့ နံနက် (၁၀) နာရီက (အ.ထ.က) ကွမ်သဲကျောင်းခန်းမတွင် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိသူဇာက အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ သူများ လူငယ်/ လူရွယ်များ လိုအပ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား/ သူများအချင်းချင်း ရင်းနှီးခင်မင်ပြီး ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ (ပြန်/ ဆက်) ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် (အား/ ကာ) ဦးစီးအရာရှိ ဒေါ်သက်ငုံဖူးတို့က ဦးဆောင်ဆွေးနွေးကာ Grade-10 ကျောင်းသား/ သူများဖြစ်သည့် မသိမ့်သိမ့်က လူငယ်နှင့်ယဉ်ကျေးမှု တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းမြတ်စိုးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဇာခြည်လင်းက လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးကိုလည်းကောင်း၊ မောင်အာကာဖြိုးက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ နံရံကပ်စာစောင်များပြသရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ချောင်းဆုံ (ပြန်/ ဆက်)