ကျိုက်မရော၌  မိသားစု အပိုဝင်ငွေ ရရှိစေရန် ငှက်ပျောပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုး

ကျိုက်မရော  ဇန်နဝါရီ ၂၉

ကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာ၌ မိသားစုစားဝတ်နေရေး အပိုဝင်ငွေ ရရှိစေရန် ဖီးကြမ်းငှက်ပျောနှင့် သီးမွှေးငှက်ပျော သီးပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ငှက်ပျော ပင်ပေါက်ကလေးများကို တစ်ပင်နှင့်တစ်ပင်  ငါးပေခြား၍ စိုက်ပျိုးပြီး ငှက်ပျောပင်များကို  ဝါသည့် အလက်များနှင့် ရွက်ခြောက်များကို ပုံမှန်ရှင်းပေးရပြီး နွေရာသီ၌ တစ်ပတ် တစ်ခါ  ရေသွင်းပေးခြင်းဖြင့် အပင်အားကောင်းပြီး  သားတက်များပုံမှန် ထွက်သလို ငှက်ပျော ခိုင်နှင့်  ငှက်ပျောသီးများလည်း ဖွံထွားကာ အသီးချောလာပေမည်။

ငှက်ပျောပင်များသည် အပူရှိန်များခြင်းနှင့် ရေငတ်သည့် ဒဏ်ကို ခံနိုင်ခြင်းမရှိသလို ရေဝပ်လျင်လည်း အရွက်များဝါကာ သေတတ်သည်။ အစိုဓာတ် အနည်း ငယ်နှင့် အေးသော ရာသီဥတုကို  နှစ်သက်သောကြောင့်  မိုးတွင်းနှင့် ဆောင်းတွင်းကာလများတွင် ပိုမို ဖြစ်ထွန်းသဖြင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများ လာကြသည်။

ဖီးကြမ်းငှက်ပျောနှင့် သီးမွှေးငှက်ပျောပင်များကိုဒေသနှင့် ကိုက်ညီ၍ ပိုမိုစိုက်ပျိုးကြကြောင်း ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် တစ်ထောင်ကျပ်မှ ၁၅၀၀ ကျပ်ထိ စျေးရပြီး သီးမွှေးငှက် ပျောသီးက အချိုစူးသဖြင့် လူကြိုက်လည်း များသဖြင့် ရောင်းအားပိုမိုကောင်းသလို စျေးလည်း ပိုရကြောင်း ငှက်ပျောပင်များကြီးထွားလျငိ အရိပ်လည်းရ ဝင်ငွေလည်း ရသဖြင့် မိသားစု အပိုဝင်ငွေရရန် စိုက်ပျိုးသူ များလာကြောင်း နိတုံကျေးရွာ အလယ်ပိုင်းမှ ငှက်ပျောခြံပိုင်ရှင် ဦးဇေယျာထံမှ သိရသည်။

 ချို မြတ်မြတ်ထွေး(ကျိုက်မရော)