မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း “တောင်သူပညာပေး ဆိုလာစနစ်သုံး ရေတင်စနစ် သရုပ်ပြခြင်း” အခမ်းအနားတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၂၇

မွန်ပြည်နယ်အတွင်းရှိ တောင်သူဆား လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် စက်မောင်းဆီ ကုန်ကျစရိတ်မရှိဘဲလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းနှင့် May Yu Ok Business Link Company တို့ ပူးပေါင်းကျင်းပသည့် “တောင်သူပညာပေး ဆိုလာစနစ်သုံး ရေတင်စနစ် သရုပ်ပြခြင်း” အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မော်လမြိုင်မြို့ ကမ်းနားလမ်း ထားဝယ်တံတား၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဆားလုပ်ငန်းရှင် ဥက္ကဋ္ဌ ဦးဝင်းထိန်၊ မွန်ပြည်နယ် ဆားလုပ်ငန်းရုံး ပြည်နယ်မန်နေဂျာ ဦးခင်ဝင်း၊ May Yu Ok Business Link Company မှ တာဝန် ရှိသူ ဦးနေဇော်အောင်တို့ကစက်မောင်း ဆီအစားထိုး ဆိုလာစနစ်ဖြင့် ရေတင်နိုင်သည့် အာလိန်ပန့်၏အားသာချက်များနှင့် အသုံးပြုပုံနည်းစနစ်များအကြောင်း၊ ဆိုလာစနစ် အသုံးပြုပါက တောင်သူများအနေဖြင့် ငွေကုန်ကြေးကျသက်သာမည့်အကြောင်း၊ May Yu Ok Business Link Company မှ ထုတ်လုပ်‌ရောင်းချသည့် ပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အာလိန်ပန့်စက်ကို ဝယ်ယူမည်ဆိုပါက ပါ၀င်ပစ္စည်းများအ‌နေဖြင့် ဆိုလာပြား အချပ်၂၀၊ Control Panal၊ မြင်းကောင်ရေအား ၅ ကောင်ရှိ လျှပ်စစ်မော်တာ စသည့် တွဲဖက်ပစ္စည်းများ ပါဝင်မှာဖြစ်ပြီး အာလိန်ပန့်စက်ဖြင့် ရေတင်မည်ဆိုပါက ဆိုလာပြားအား နံနက် ၉ နာရီ မှ ညနေ ၃ နာရီထိ အသုံးပြုနိုင်ပြီး ၀ယ်ယူလျှင် ငွေကျပ် တန်ဖိုး သိန်း၁၄၀/၁၅၀ တန်ဖိုးရှိကြောင်း May Yu Ok Business Link Company မှ တာ၀န်ရှိသူတစ်ဦးထံမှ သိရှိရသည်။

အာလိန်ပန့်စက်ကို မြင်းကောင်ရေ(18hp)အင်ဂျင်ဖြင့် စက်‌မောင်းဆီ ထည့်မောင်းနှင်ပါက တစ်နာရီလျှင် (၃)ပုလင်းကုန်ကျပြီး ၆ နာရီခန့် အသုံးပြုပါက စက်မောင်းဆီ ၃ ဂါလံ ခန့်မှန်း တန်ဖိုး(၃၃၀၀၀)တစ်လလျှင် ၁၀ သိန်းခန့် ကုန်ကျမည်ဖြစ်‌သောကြောင့် ဆိုလာစနစ်ဖြင့် အသုံးပြုပါက နေ့စဉ်/လစဉ် ကုန်ကျစရိတ်မရှိဘဲ ငွေကုန်ကြေးကျသက်သာမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)