ကျိုက်ထိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျိုက်ထို ဇန်နဝါရီ ၂၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှသင်ကြားပေးခဲ့သော အတတ်ပညာရပ်များနှင့်အတူ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာဖြင့် မိမိတို့နေထိုင်တဲ့ ရပ်ရွာအတွင်းမှာ မီးလောင်မှုမဖြစ်ပွားအောင်နှင့် မီးလောင်မှုဖြစ်ခဲ့ပါကလည်း မီးလောင်မှုကြီးအဆင့်သို့ မရောက် ရှိအောင် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ပေးကြပါလို့တိုက်တွန်းပြောကြားပြီး သင်တန်းဆင်း လက်မှတ်နှင့်ထူးချွန်ဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များက ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက်သင်တန်းတွင်ပို့ချသင်ကြားခဲ့သည့် မီးငြှိမ်းသတ်ယာဉ်ဖြင့် ဆီမီးလောင်မှု ငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ HNE Water Mist Gun သုံးပြုပုံ၊ (Hydraulic Rescue Tools) အသုံးပြုပုံများအား သရုပ်ပြသပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား(၅၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်