သံဖြူဇရပ် ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်လျှပ်စစ်ဦးစီးဌာန လျှပ်စစ်အင်ဂျင်နီယာ ဦးတင်အောင်မိုးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် သင်တန်းသို့တက်ရောက်လာကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများအနေဖြင့် ဇန်နာဝါရီ ၂ ရက်မှယနေ့ထိ ရက်သတ္တပတ် ၄ ပတ်ပြည့်မြောက်ခဲ့ပြီး ဖြစ်၍ အများပြည်သူတို့ရဲ့ ဘေးဒုက္ခတွေဖြစ်တဲ့ မီးဘေး၊ လေဘေး၊ သဘာဝဘေး စသည့် လုပ်ငန်းတွေမှာ ပြည်သူလူထုရဲ့မေတ္တာကို ခံယူရရှိနိုင်အောင် ဆောင်ရွက်ကြရန်၊ ရရှိလာတဲ့ သင်တန်းရဲ့လက်တွေ့ကျသော သင်ခန်းစာများကို မမေ့ကြရန် အထူးမှာကြားလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက်မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်ထွေးက မြို့နယ်အတွင်းတက်ရောက်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစည်သူ(ပြန်/ဆက်)