ပုသိမ် ဇန်နဝါရီ ၂၇
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင် ပူဇော်ချိန်တွင် ဝတ်အသင်းအဖွဲ့များမှပရိတ်တော်နှင့် အပြင်အောင်ခြင်းဂါထာတော်များ ရွတ်ဖတ် ပူဇော်ခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန် တော်ကြီးတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပရိတ်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝတ်ရွတ်အဖွဲ့များက စိန်ရောင်ခြည်ဂါထာဖြင့်ဘုရားပင့်ပူဇော်ခြင်း၊ နတ်ဗြဟ္မာများအား ပင့်ဆောင်ခြင်း၊ အပြင်အောင်ခြင်း(၈)ပါး မြန်မာပြန်နှင့် ဓဇဂ္ဂသုတ်ပရိတ်တော် များရွတ်ဖတ်ပူဇော်ခြင်း၊ နတ်ဗြဟ္မာများပြန်လည်ပို့ဆောင်ခြင်း၊ မေတ္တာပို့ခြင်းတို့ကို စုပေါင်းရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
အဆိုပါ ပရိတ်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ခြင်းများကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့တွင်လည်း ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
မြင့်ဟန်
ပုသိမ်ခရိုင် (ပြန်ဆက်)