မော်လမြိုင် ဇန်နဝါရီ ၂၆
မွန်ပြည်နယ်အတွင်း အေးချမ်းသာယာမှုရှိစေရန် ဘေးဥပါဒ်အန္တရာယ်များကင်းစင်စေရန်ရည်ရွယ်၍ မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ ပဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သော အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး၊ ဓဇဂ္ဂသုတ္တတရားတော်များ ရွတ်ဖက်ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းကကျင်းပရာ သြဝါဒဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာ.ယ.ကဆရာတော်ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြခဲ့ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုခြင်းလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တဝိမလ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး နံနက်(၈)နာရီအချိန်တွင် သြဝါဒဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး(ပါဠိတော်)၊ ပရိတ်ကြီး(၁၁)သုတ်မှ ဓဇဂ္ဂသုတ္တတရားတော်များကို ပါဠိတော်ရွက်ဖတ်ပူဇော်ခြင်းကို နာယူကြည်ညိုခဲ့ကြပြီး စေတီတော်မြတ်ကြီး၏ စောင်းတန်းများတွင် ဝတ်အသင်းအဖွဲ့များကလည်း အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး(ဘာသာပြန်)၊ ပရိတ်ကြီး(၁၁)သုတ်မှ ဓဇဂ္ဂသုတ္တတရားတော်များကို တစ်ပြိုင်တည်းရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
အလားတူ မွန်ပြည်နယ်အတွင်းရှိ စေတီတော်မြတ်ကြီး၏ စောင်းတန်းများတွင် ဝတ်အသင်းအဖွဲ့များကလည်း အတွင်းအောင်ခြင်း(၈)ပါး၊ အပြင်အောင်ခြင်း(၈)ပါး (ဘာသာပြန်)၊ ပရိတ်ကြီး(၁၁)သုတ်မှ ဓဇဂ္ဂသုတ္တတရားတော်များကို ချောင်းဆုံမြို့နယ်ကျက်သရေဆောင် ရွှေမြင့်မိုရ်တောင်ကိုးခန်းကြီးဘုရား၌ လည်းကောင်း၊ ကျိုက်မရောမြို့နယ် ကျိုက်မရောဘုရားကြီး၌လည်းကောင်း၊ မုဒုံမြို့နယ်ကျက်သရေဆောင်ကန်ကြီးဆံတော်ရှင်စေတီတော်၌လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်၌ ကျိုက္ခမီမြို့သာသနာ့ဗိမာန်ခန်းမ၌လည်းကောင်း တစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)