မော်လမြိုင် ဇန်နဝါရီ ၂၆
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှာရှိသည့် ဘုရား၊ စေတီပုထိုးများကို ဘုရားဖူးပြည်သူများ ကြည်ညိုသပ္ပါယ်စွာဖူးမြော်နိုင်ရေးအတွက် ရောင်တော်ဖွင့်ခြင်း၊ ထုံးသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ ပန်းဆီမီးကပ်လှူခြင်း၊ ရင်ပြင်တော်နှင့် စောင်းတန်းတို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများသည် ဇန်နဝါရီလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက သွားရောက် ကြည့်ရှုအားပေးခဲ့ကြ သည်။
မွန်ပြည်နယ်၀န်ကြီးချုပ်သည် မော်လမြိုင်မြို့၊ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်ပူဇော်ခဲ့ကြပြီး စေတီတော်မြတ်ကြီး တန်ဆောင်းတော်အတွင်းရှိ ကျောက်စိမ်းဗုဒ္ဓရုပ်ပွါးတော်မြတ်ကို ရောင်တော်ဖွင့်ခြင်း၊ အမွှေးနံ့သာရေများပက်ဖြန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တန်ဆောင်းတော်များရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ရောင်တော်ဖွင့်ခြင်း၊ စေတီမြတ်ကြီးရင်ပြင်တော်ပေါ်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အများပြည်သူများက ကုသိုလ်ယူဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)