ကျိုက်မရော ဇန်နဝါရီ ၂၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ၊ ကွင်းအမှတ် ၅၈၄ (ခ) ဦးပိုင်အမှတ်၊ ၃၆/၁၊ တောင်သူ ဦးမျိုးမင်းဟန်၏ ဆင်းသုခမျိုးစေ့ထုတ် ရေလိုက်စိုက်ခင်း (၂.၀၀) ဧကရှိ (၀.၁၀) စံကွက်ရိတ်သိမ်းခြင်းနှင့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်း ချွေလှေ့ရာသို့ မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် လယ်/စီ အဖွဲ့ဝင်များ တောင်သူလယ်သမားများစုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါ (၀.၁၀) စံကွက်ရိတ်သိမ်းရာ၌ တစ်ဧကလျှင် စပါးတင်း (၁၂၀) ထွက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှတင်မောင်က ပြောသည်။
ကျိုက်မရောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ရေလိုက်စပါးမျိုးစေ့ထုတ်လုပ်ငန်း (၇၀) ဧကအား ဆင်းသုခ (RS) မျိုးဖြင့် စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်း အထူးကောင်းမွန်လျက်ရှိကာ လာမည်နှစ်များတွင်လည်း မြို့နယ်၏ဒေသနှင့်ကိုက်ညီသည့် စီးပွားဖြစ်မျိုးသန့် မျိုးစေ့ (CS) ကို တောင်သူအချင်းချင်းဖလှယ်၍ တိုးချဲ့စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)