ဟင်္သာတ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဟင်္သာတမြို့၊ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၊ ဘုရင့်နောင်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ် ၄ အခြေခံပညာအထက်တန်း ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမွန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ခရိုင်ပြန်/ဆက်မှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် စီစဥ်ညှိနှိုင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ပေးပြီး စကားဝိုင်းကို စတင်ကျင်းပပါသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင်မြို့ပေါ်ကျောင်းများမှ Grade 10 နှင့် Grade 11 တို့မှ ကျောင်းသူငါးဦးတို့က “လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အင်တာနက်သုံးစွဲမှု” စသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ ခရိုင်ပြန်/ဆက်ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
ယမန်နေ့ကျင်းပသည့် လူငယ်စကားဝိုင်းတွင် ဟင်္သာတမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများအပြင် ကိုယ်ပိုင်အထက်တန်းကျောင်းများဖြစ်သည့် ဂုဏ်ထူးပန်းခင်းနှင့်၊ ကြယ်တံခွန် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသူများ ပါဝင်ဆွေးနွေးပေးခဲ့ကြပြီး အခမ်းအနားသို့ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၃၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုဇော် (ဟင်္သာတ)