မော်လမြိုင်မြို့နယ်တွင် ရော်ဘာမျိုး ခွဲခြားခြင်းအခြေခံသင်တန်းဖွင့်လှစ်

မော်လမြိုင် ဇန်နဝါရီ ၂၀

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)၌ ရော်ဘာမျိုး ခွဲခြားခြင်း အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က ရော်ဘာအစေးထွက်နှုန်း မကောင်းတဲ့မျိုးတွေ စိုက်ပျိုးထားတဲ့ တောင်သူများအနေဖြင့် ဆုံးရှုံးမှုများ ရရှိနိုင်သောကြောင့် ကောင်းမွန်သော ရော်ဘာမျိုးပင်များအား ရွေးချယ်စိုက်ပျိုးခြင်းဟာ အလွန်အရေးပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနရဲ့ ဆောင်ပုဒ်တစ်ခုဖြစ်တဲ့ မြေမှန် မျိုးမှန် စိုက်မှန် ရာသီမှန်ဆိုတဲ့အတိုင်း မျိုးမှန်အောင် စိုက်ပျိုးရန် အရေးကြီးကြောင်း ဒါကြောင့် စိုက်ပျိုးရေး၀န်ထမ်းများအနေဖြင့် ရော်ဘာပင်များကို တိုင်းနှင့်ပြည်နယ်အလိုက် ထောက်ခံထားတဲ့မျိုးတွေကို သိရှိစေရေး သေသေချာချာ မျိုးများအားခွဲခြားခြင်းအဆင့်ဆင့်အလိုက် ခွဲခြားတတ်အောင် ဒီသင်တန်းကသင်ကြားပေးသွားမှာဖြစ်လို့ ကြိုးစားသင်ယူသွားကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထိုနောက် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) တာ၀န်ခံ ဒေါ်စမ်းစမ်းတင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/ သူများက တစ်ဦးချင်း မိတ်ဆက်စကားများပြောကြားကာ အမှတ်တရ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းကို ရော်ဘာမျိုးခွဲခြားခြင်း၏ အခြေခံအချက်များ သိရှိနိုင်စေရန်၊ ကိုင်းပွားခင်း စိုက်ပျိုးရာတွင် ပျိုးမမှားစေရန်၊ ပျိုးပင်ထုတ်လုပ်ရာတွင် မျိုးသန့်စေရန်၊ ပျိုးခင်းမှတ်ပုံတင် လျှောက်ထားသော ကိုင်းပွားခင်းတွင် မျိုးမှန်မမှန် စစ်ဆေးနိုင်ရန်၊ စိုက်ပျိုးသော တောင်သူများ ပျိုးခင်းမျိုးမှန် ဖြန့်ဖြူးနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို တိုင်းနှင့်ပြည်နယ် (၆)ခုမှ သင်တန်းသား/ သူ(၂၀) ဦးအား ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ ဆက်)