ကျိုက်ထိုမြို့ အ.ထ.က (ခွဲ) ဇေယျာမွန်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကျိုက်ထို ဇန်နဝါရီ ၂၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ဇေယျာမွန်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးလှထွန်း၊ ဦးတင်ထွေးတို့က အဖွင့်အမှာ စကားပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပေးသည့် ပညာရပ်များအပြင် စာအုပ်၊ စာပေလေ့လာခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး၊ မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားမှူး ဦးရန်နိုင်အောင်၊ အထက(ခွဲ)ဇေယျာမွန်မှ မရှင်းရတီနှောင်း၊ မနုနုဝေ၊ မအေးငြိမ်းခိုင်တို့က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့်ပရဟိတခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက သိလိုသည်များကို မေးမြန်း မှုများအပေါ်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး အ.ထ.က ခွဲ (ဇေယျာမွန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများအသင်းဝင်များ၊ အ.ထ.က (ခွဲ) ဇေယျာမွန်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြိို့နယ် (ပြန်/ဆက်)