မွန်ပြည်နယ်တွင်(၆)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်

မော်လမြိုင်   ဇန်နဝါရီ   ၂၀                                      

မွန်ပြည်နယ်တွင်(၆)လပတ်ကာလအတွင်း ဆောင်ရွက်ထားရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အရေးကြီးသည့်အခန်းကဏ္ဍအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းလူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်များအတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကဏ္ဍတစ်ခုချင်းအလိုက် ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများအပေါ်ပြန်လည်သုံးသပ်၍ အောင်မြင်အောင်လုပ်ကိုင်ဆောင်ရွက်ကြရန် ရည်မှန်းချက်များထားရှိပြီး အစီအစဉ်များချမှတ်ကာ အကောင်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတို့အပြင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကိုပါ မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ကြရမှာဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်တိုးတက်အောင် ဖော်ဆောင်ပေးကြရမည်ဖြစ်သလို တစ်ဖက်ကလည်း  ဒေသထွက်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရန် MSMEs လုပ်ငန်းများကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရေး ဆန်စပါးအပါအဝင်  ဆောင်းသီးနှံနေကြာနှင့် အဓိကသီးနှံ(၁၀)မျိုးကိုလည်း ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ပြီး စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြစ် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အနည်းဆုံး(၄)ကြိမ်ထိုးနှံပေးသွားရန်လိုအပ်ပြီး ကျောင်းနေအရွယ် ကလေးများကို ကျောင်းများတွင် ကာကွယ်ဆေးများထပ်ဆောင်းထိုးနှံပေးရန်၊ အခြေခံလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အသီးသီးအလိုက် မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း သတ်မှတ်ရက်အတွင်းပြီးစီးနိုင်ရေး တစ်စိုက်မတ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနများအနေဖြင့် (၆)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကြုံတွေ့ရသည့်အခက်အခဲများကို ချပြရှင်းလင်းဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက်  တက်ရောက်လာကြသည့် မြို့နယ်စီမီအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၏ တာဝန်ရှိသူများက မွန်ပြည်နယ်တွင် (၆)လပတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဘဏ္ဍာရေးနှစ်အတွင်း ဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများနှင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများ၏ ဆောင်ရွက်ထားရှိမှု အခြေများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်