ကျိုက်ထိုမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ကျိုက်ထို ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌(၂၀၂၂- ၂၀၂၃)ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် နာရီခွဲတွင် ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)မှ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီ‌ဆို‌ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ကျိုက်ထိုခရိုင် ပညာရေးမှူး ဦးခိုင်ထွန်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောင်းသား ၊ကျောင်းသူများ ပညာရေးတွင် ထူးချွန်ကြသလို စာပေဆောင်းပါး၊ပန်းချီ၊ဂီတ၊အက၊ အတီးနှင့် အတူ အားကစားတွင်လည်း ထူးချွန်ကြသည်ကို တွေ့မြင်ရ၍  မြို့နယ်အတွက် ဂုဏ်ယူ ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်းက မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့်အတူ ပညာရေးကဏ္ဍ တိုးတက်အောင်ဆောင်ရွက်ပေးလျှက်ရှိကြောင်းပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက ပညာရေးစုံညီပွဲတော် ကျင်းပပေးရသည့် ရည်ရွယ်ချက်နှင့်  ပညာရေးကဏ္ဍဆောင် ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)မှ(အက)တွင် ပြည်နယ်အဆင့် ရွှေတံဆိပ်ဆုရ မအေးကြူစံက(အက)ဖြင့် ကပြဖျော်ဖြေပြီးအမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လောကအားမာန်သီချင်းဖြင့် ကပြ ဖျော်ဖြေခဲ့သည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် တာဝန်ရှိသူများက မြန်မာ တနိုင်ငံလုံးနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၁၉၆)ဦးအား ဘက်စုံ ထူးချွန်ဆု၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆု၊ အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲထူးချွန်ဆု၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ပန်းချီနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ကဏ္ဍအလိုက် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ် ချီးမြှင့်ပြီး ကျောင်းသား‌၊ ကျောင်းသူလေးများက ဘက်စုံပညာကိုရည်တို့ လှမ်းချီသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကျိုက်ထိုပြန်/ဆက်