လှိုင်သာယာမြို့နယ်အတွင်းရှိ စျေးများနှင့် စျေးဆိုင်များကို သတ်မှတ်ချက်များနှင့် အညီရောင်း ချရေး အသိပေးနှိုးဆော်

လှိုင်သာယာ(အရှေ့ပိုင်း)  စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ မြို့နယ်စည်ပင် သာယာ စျေးများနှင့် မြို့နယ်အတွင်းရှိ စျေးဆိုင်များ၊ ဆိုင်ခန်းများအား ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များ အတိုင်း ဖွင့်လှစ် ရောင်းချနိုင်ရန် အတွက် ယမန်နေ့ မွန်းလွဲပိုင်းက စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်(၂) ဦးစိမ်းမောင်၊ အဖြူရောင်သုခအ လင်းပရဟိတ ဆရာတော် ဦးကေသရ၊ စည်ပင်သာယာရေး ဝန်ထမ်းများ နှင့်အတူ We Love Hlaingtharyar အဖွဲ့တို့ ပူးပေါင်း၍ အသိပေး နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေး နှိုးဆော်ရာတွင် အမှတ်(၇)ရပ်ကွက် မီးခွက်စျေးနှင့် ပင်လုံစျေး အတွင်း သို့ စျေးရောင်းစျေးဝယ်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရန် အတွက် ဆိုင်ရှင်များနှင့် လိုက်လံ ဆွေးနွေးပေးခဲ့ကြပြီး စျေးဝယ်လာသူများအား နှာခေါင်းစည်း လုံခြုံစွာ တပ်ဆင်ပြီးမှ စျေးအတွင်းသို့ ဝင်ရောက်ကြရန် စျေးဝယ်လာသူများ မိမိ ဝယ်ယူလိုသည့် ပစ္စည်းရရှိရေးကို အဓိက မထားဘဲ ကျန်းမာ ရေးအသိဖြင့် တစ်ဦးနှင့် တစ်ဦး အတတ်နိုင်ဆုံး ခပ်ကျဲကျဲ နေရာယူပြီး ဝယ်ယူကြရန် စျေးဝယ်လာသူ များကို စျေးရောင်းသူများ အနေဖြင့် တစ်ဦးကို တစ်ဦး စောက်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံခဲ့ကြသည်။ သက်ဆိုင်ရာ စျေးအတွင်းမှ စည်ပင်ဝန်ထမ်းများကိုလည်း အတတ်နိုင်ဆုံး နေ့စဉ် စျေးရောင်း စျေးဝယ် သူများအား ကြပ်မတ်ဆောင်ရွက်ပေးရန် နှိုးဆော်ခဲ့ကြသည်။
ထို့နောက် ပင်လုံစျေး၊ မီးခွက်စျေး လမ်းမများပေါ်မှ စျေးရောင်းချသူများကိုလည်း လမ်းပေါ် စျေးဗန်းများ မခင်းကြရန် လမ်းမများ အပေါ် စျေးဗန်းခင်း လိုက်သည့်အခါ လမ်းကျဉ်းသွားပြီး စျေးဝယ် လာသူများ ပူးပူးကပ်ကပ် သွားခြင်းသည် အလွန်အန္တရာယ်ကြီးသည့် အတွက် လမ်းပေါ် စျေးဗန်းများ မခင်းကြရန် စျေးသည်များအား မေတ္တာရပ်ခံ အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
ထွန်းထွန်းနိူင်(ပြန် /ဆက်)