မုဒုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို စည်းကားသိုက်မြိုက်စွာကျင်းပ

မုဒုံ  ဇန်နဝါရီ  ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရှင်အရဟံခန်းမ၌ ယနေ့နံနက်၉နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းသား ကျောင်းသူများက "ကြိုဆိုပါသည်စုံညီပွဲတော်" တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မုဒုံမြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက ပညာရေးစုံညီပွဲတော်ကို "အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှု အလေ့အကျင့်များ ပြည့်ဝပြီး နိုင်ငံကြီးသားပီသသည့် နိုင်ငံသားကောင်း၊ သမီးမွန်များနှင့် ပညာရှင်များ ပေါ်ထွန်းလာစေရန်၊ တိုးတက်ပြောင်းလဲလျက်ရှိသော မြန်မာ့ပညာရေးကဏ္ဍာ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရန်၊ အနာဂတ်နိုင်ငံတော်အတွက် လူမှုဘဝစံများကို သိရှိနားလည်ပြည့်ဝသည့် စွမ်းအားရှင်များ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်အတွက် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာပြီး စာရိတ္တနှင့်ပြည်သူ့နီတိရိုးရာယဉ်ကျေးမှု ရေရှည်တည်တံ့သော မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်သောပညာရေး၏ မျိုးဆက်သစ် အမျိုးသားကောင်းသား/ သမီးများ ပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအသိပညာအတတ်ပညာများနှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ တိုးတက်မှုများကို ချိတ်ဆက်ပေးရန်နှင့်ပညာရေးမြှင့်တင်မှု အစီအစဉ်အရအဆင့်မြင့်နှင့်  အခြေခံပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို ထုတ်ဖော်ဂုဏ်ပြုခြင်းဖြင့် စွမ်းဆောင်မှုအရှိန်မြှင့်တင်ရန်" စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်ပညာရေးကဏ္ဍအလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးပြီး ​ကျောင်းသား ကျောင်းသူများကဖျော်ဖြေရေးအစီအစဉ်ဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

မုဒုံသူ ပြန်/ ဆက်