အိမ်မဲမြို့နယ် ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

အိမ်မဲ ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်သွင်စိုး၊ အဖွဲ့ဝင် (၂) ဒေါက်တာသန်းဌေး၊ အတွင်းရေးမှူး ရဲမှူးမောင်မျိုးတို့က မိမိတို့ရပ်ရွာတွင် အလှူခံလာရောက်သူများရှိပါက သက်ဆိုင်ရာထောက်ခံချက်ပါ၊ မပါစစ်ဆေးကြရန်နှင့်ထူးခြားမှုရှိပါက မြို့နယ်သို့ အချိန်မီသတင်းပေးပို့ကြရန်၊ ရပ်ရွာများတွင် လောင်းကစားဝိုင်းများ မဖြစ်ပေါ်စေရေးနှင့်ဖြစ်ပေါ်ပါက အချိန်မီသတင်းပေးပို့ကြရန်၊ လဝက မှ အိမ်ထောင်စုစာရင်းများ တစ်အိမ်တက်ဆင်းကောက်ယူရာ၌ ကလန်ကဆန်လုပ်သော အိမ်ထောင်စုများကို မှတ်သားထားပြီး စာရင်းပြုစုထားရန်၊ နယ်မြေအတွင်း လူစိမ်းများတွေ့ပါက သတိထားနေထိုင်ကြရန်၊ ရပ်ရွာများတွင်ဧည့်စိမ်းဝင်ရောက်မှုကို လက်မခံကြရန်နှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိများဖြင့် နေထိုင်ကြပြီး ကျေးရွာဝင်ပေါက်ထွက်ပေါက်များကို မီးကင်းနှင့်လုံခြုံရေးအဖွဲ့များထားရန်၊ ကျေးရွာသူ ကျေးရွာသားများအချင်းချင်း စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နေထိုင်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ချစ်သက်လယ် (အိမ်မဲ)