ပွင့်ဖြူ ဇန်နဝါရီ ၁၇
ဆောင်းရာသီကာလ ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုနည်းပြီး ကွမ်းအထွက်နှုန်း လျော့နည်းခဲ့သဖြင့် ယခုရက်ပိုင်း ကွမ်းဈေးကွက်တွင် ကွမ်းနုဝါတစ်ပိဿာ ငွေကျပ် နှစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ဒေသခံတောင်သူထံမှ သိရသည်။
"ယခု ဆောင်းရာသီကာလမှာ ဒေသတွင်းရှိ ကွမ်းစိုက်ပျိုးတောင်သူတွေ အောင်မြင်ဖြစ်ထွန်းမှုနည်းပြီးတော့ ကွမ်းအထွက်နှုန်းလဲ ကျဆင်းလာတယ်။ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းက သေချာစနစ်တကျ စိုက်ပျိုးလုပ်ကိုင်ရတဲ့ လုပ်ငန်းလဲ ဖြစ်တယ်ဗျ။ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းဟာ စိုက်ပျိုးပြီး တစ်လခွဲအကြာမှာ ခေါင်ညွန့် နှိမ်ပေးရပြီး (၃)လအကြာမှာ ရောင်းတန်းဝင် ကွမ်းရွက်များကို စတင်ဆွတ်ခူး ရောင်းချရပါတယ်။ မှိုရောဂါမဝင်အောင် အထူးဂရုစိုက်ပေးရတဲ့အပြင် အပင်ခြေ ရေမဝပ်စေအောင် ပြုပြင်ပေးရပါတယ်။ ဒါမှသာ စိုက်ပျိုးပြီးချိန် အပင်တွေသေတာတို့၊ အရိုးပုပ်တာတို့၊ အမြစ်ဆွေး ဝင်တာတို့ကို ကင်းဝေးစေမှာဖြစ်ပါတယ်။ ယခုလအတွင်း အအေးဓာတ်ပိုလာလို့လားမသိဘူး ကွမ်းခြံတွေ အထွက်နှုန်းနည်းလာပြီး ကွမ်းဈေးကွက်မှာ ကွမ်းနုဝါတစ်ပိဿာကို ငွေကျပ် ၂၂၀၀၀၊ ရိုးရိုးကွမ်းစိမ်းက တစ်ပိဿာကို ငွေကျပ် ၁၂၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတယ်ဗျ။ ကွမ်းအထွက်နှုန်းနည်းပေမယ့် ကွမ်းဈေးကောင်းမွန်တဲ့အတွက် ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင် ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်ကြသူများ လုပ်ငန်းအဆင်ပြေလျက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာမှ ကွမ်းစိုက်ပျိုးတောင်သူတစ်ဦးက ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေအဆင်ပြေသည့်အတွက် (နွေ၊ မိုး၊ ဆောင်း) စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် မိသားစုနေ့စဉ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ အချို့တောင်သူများက ဉယျာဉ်ခြံမြေများပြုလုပ်၍ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရပြီး ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို ဝဲဒေါင့်ကျေးရွာ၊ သမန်းရင်းကျေးရွာ၊ ဒေးဒရဲကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက် ကျေးရွာများမှ ဒေသခံတောင်သူများက တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားစေရန် အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)