၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်

ပုသိမ် ဇန်နဝါရီ ၁၆

၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားအား ဧရာရွှေဝါခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် ကျောင်းသား အားကစားအဖွဲ့နှင့် မိတ်ဆက်ပေးပြီး  ဧရာဝတီတိုင်းဒေသကြီး ကျောင်းသား အားကစားအဖွဲ့ခေါင်းဆောင်က အသင်းဖွဲ့စည်းထားရှိမှုနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “၂၀၁၉ခုနှစ်တွင် ကျင်းပခဲ့သည့် အားကစားပွဲတော်၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အားကစားမျိုးစုံတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  အမျိုးသမီးဘော်လီဘောအသင်းအနေဖြင့် ပထမရရှိခဲ့ပါကြောင်း၊ အမျိုးသားများနှင့် ရင်ဘောင်တန်း၍ အမျိုးသမီးများက ကြိုးစားပမ်းစား အားထုတ်ယှဉ်ပြိုင် ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာ ကျောင်းများစွာရှိပြီး ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင် ကျောင်းသား၊‌ ကျောင်းသူများအား ပြိုင်ပွဲအဆင့်ဆင့် ပြုလုပ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားသမားသစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် အားကစားကွင်းနှင့် အားကစားရုံများ ပြည့်စုံကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အားကစားနည်းစနစ်များ တိုးတက်ပြောင်းလဲလာသည်နှင့်အညီ အားကစားရုံနှင့် အားကစားကွင်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် အားကစား ကဏ္ဍသည်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အားကစားသာမက ပညာရေးတွင်လည်း ထူးချွန်ကြသူများဖြစ်စေရေး ကြိုးစားကြရန် ကျောင်းသား၊ ကျောင်းသူ အားကစား သမားများအား တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခုနှစ် ကျောင်းသား အားကစားပွဲတော်တွင် စံချိန်ကောင်းကောင်းဖြင့် နိုင်ငံအဆင့်ရွှေတံဆိပ်ဆုများရရှိပြီး ထိုမှတစ်ဆင့် တိုင်းဒေသကြီး၊ နိုင်ငံကိုယ်စားပြု အားကစားသမား ဖြစ်စေရေး ကြိုးပမ်းကြစေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့ပြီး အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဘောလုံး(ကျား၊မ)၊ ဘော်လီဘော (ကျား၊မ)၊ ပိုက်ကျော်ခြင်း(ကျား)၊ ပြေး၊ ခုန်၊ ပစ်(ကျား၊မ) အားကစားနည်းများဖြင့် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်၊ နည်းပြ၊ ဒိုင်လူကြီး၊ ဆေးအဖွဲ့ (၃၂)ဦး၊ အားကစားသမား (၉၃)ဦးတို့ဖြင့် ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)