ပေါက်ခေါင်း ဇန်နဝါရီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်သော မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ ပြည်ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်း၊ တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကျေးရွာ ဖွံ့ဖြိုးရေးတာဝန်ခံများအဖွဲ့သည် သစ်ရောင်းပြန်ကျေးရွာအုပ်စု၊ ကွမ်းအုံစုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ၊ သဖန်းကိုင်းကျေးရွာအုပ်စု၊ ဒလမဲကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေ ၆၄ ဒဿမ ၅ သန်း၊ ပြည်သူထည့်ဝင်ငွေ ၇ ဒဿမ ၄ သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေသည့် အိမ်သုံးဆိုလာ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လုပ်ငန်းတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)