မိုးညိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် လယ်ယာသုံး စက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်လှစ်

မိုးညို ဇန်နဝါရီ ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မိုးညိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု(အခြေခံ)သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊  စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၆) စက်မှုလယ်ယာစခန်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် သာယာဝတီခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးဝင်းသန့်က အဖွင့်အမှာစကားပြောကြားပြီး မိုးညိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းပို့ချသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား သင်တန်းသားများ သို့ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းစသည့် ဘာသာရပ်များအား စာတွေ့၊ လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)