မန်တုံ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၂၄)စာစောင်၊ စာရေးဆရာ မောင်နှင်းဆီ ၏ “စကားခွန်အား” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုး ဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်း အလေ့အထဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။
ထို့နောက် မလွေးအေးဆိုင်း (Grade-8)မှ လူများသည် ထမင်းစားပြိး ထိုအစာအဟာရဖြင့် အသက်ရှင် ကြရသည်ကို လူတိုင်းက သိကြသော်လည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် မနက်စာ၊ ညစာ ရှာဖွေစားသောက်မှသာ အသက်ဓာတ် ရှင်သန်ရသည်။ လူသားများတွင် ပါးစပ်ပါရှိလာခြင်း၏ တကယ့်အကြောင်းရင်းမှာ အသက်ရှင်ရပ်တည်ရေးအတွက် မှန်ကန်စွာနဲ့ ကောင်းမွန်စွာ အသုံးချတတ်ဖို့ရာ လိုအပ်ကြောင်း အစရှိသည့်စာပိုဒ်အားလည်းကောင်း၊ မယေကျန် (Grade-7)မှ “မမှန်တဲ့စကား၊ မသမာတဲ့စကား၊ မဟုတ်တဲ့စကား၊ လူတစ်ဖက်သားကို မဟုတ်မမှန် ပုတ်ခတ်ထိပါးတဲ့ ထိခိုက်နစ်နာစေတဲ့” စကားမျိုးကို မပြောသင့်ကြောင်း အစရှိသည့်စာပိုဒ်အားလည်းကောင်း၊ မအမ်ခမ်း(Grade-7) မှ “မြန်မာ့ယဉ်ကျေးမှုအရ စကားအရာအင်္ဂါ ငါးဖြာတဲ့။ မိကောင်းဖခင်သားသမီးမှန်ရင် စကားကို ဒီလိုပဲ ပြော လေ့ရှိ ကြတယ်- (၁)မှန်ကန်ရမည်။(တာဝန်ယူနိုင်ရမယ်)၊(၂) သိမ်မွေ့ရမည်။ (၃) မေတ္တာစိတ်နဲ့ ပြောဆို အပ်သည်။ (၄) အကျိုးစီးပွားနဲ့ စပ်တဲ့စကားဖြစ်ရမည်။ (၅) အခါကာလ အားလျော်စွာ ပြောဆိုအပ်သည်” အစရှိသည့်စာပိုဒ်အားလည်းကောင်း “အလုပ်ပဲလုပ်လုပ်၊ စကားပဲပြောပြော၊ စာပဲရေးရေး စိတ်ကောင်းရှိဖို့က ပထမတဲ့” အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသူ၊ ကျောင်းသားများမှ တစ်ဦးချင်းဖတ်ကြားပြီး ခေါင်းစဉ်ပါအကြောင်းအရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)