ပွင့်ဖြူမြို့နယ်၌ လာမည့်နွေသီးနှံစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်

ပွင့်ဖြူ ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့်နွေသီးနှံစုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ စိုက်ပျိုးထုတ်လုပ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၀)အုပ်စုမှ တောင်သူဦးရေပေါင်း ၅၂၇၃ ဦး၏ မဲဇလီဆည်ရေသောက် ဧရိယာတွင်းရှိသော စိုက်ပျိုးလယ်မြေကွင်းပေါင်း ၇၉ ကွင်း၊ ဦးပိုင်အမှတ် ၆၆၃၃ တွင် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရပြီး နိုင်ငံတော်အစိုးရမှ ဆန်စပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး တောင်သူတစ်ဦးလျှင် စိုက်ပျိုးစရိတ်နှင့် သွင်းအားစုပစ္စည်း ကုန်ကျစရိတ်အတွက် ငွေကျပ်(၂)သိန်းနှုန်း ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ထုတ်ချေးငွေကို နွေစပါးသီးနှံပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ နွေစပါးသီးနှံ ပေါ်ချိန်တွင်လည်း ဒေသခံတောင်သူများ စိုက်ပျိုးထွက်ရှိသည့် စပါးသီးနှံကို စီမံကိန်းတွင်ပါဝင်သော ဆန်စပါးဝယ်ယူကြိတ်ခွဲ သိုလှောင်ဖြန့်ဖြူးရေးကော်မတီမှ ကာလပေါက်ဈေးအတိုင်း ဝယ်ယူပေးသွားမည်ဖြစ်ကာ ဆန်စပါးအရည်အသွေးအနေဖြင့် စပါးအစိုဓာတ်(၁၄)ရာခိုင်နှုန်း သတ်မှတ်ထားရှိပြီး ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံက သိရသည်။  

ပွင့်ဖြူမြို့နယ် လာမည့် ၂၀၂၂ -၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ နွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေ စိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရပြီး တစ်မြို့နယ်လုံး နွေစပါးသီးနှံလျာထားမှုအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမည့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ အပါအဝင် နွေစပါးစိုက်ဧက ၂၉၅၄၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )