နတ်မောက်မြို့နယ်တွင် မုံလာဥဖြူတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက် ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မုံလာဥဖြူ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ရရှိကြောင်း စိုက်ပျိုးသူ မဖြူမထံက သိရသည်။

“ကျေးလက်အညာဒေသများတွင် မိုးနှောင်းကာလများ၌ မိမိတို့၏ယာမြေများတွင်  မြေအောက်ရေပေးသွင်းခြင်းဖြင့် ပန်းအမျိုးမျိုး၊ ဟင်းသီးဟင်းရွက် အမျိုးမျိုးကို စိုက်ပျိုးကြကြောင်း၊ ခုဆိုရင် ကျွန်မရဲ့ယာမြေထဲမှာ ခရမ်း၊ ဖူးစားပြောင်း၊ ကန်စွန်းနဲ့ မုံလာဥဖြူများကို စိုက်ပျိုးထာပါတယ်၊ စိုက်ပျိုးရေးဆိုင်များမှ မုံလာဥဖြူတစ်ဘူးကို (၅၀၀၀)ကျပ်နဲ့ဝယ်ယူရပါတယ်၊ ဝယ်ယူလာတဲ့ မုံလာဥဖြူအစေ့ကို ကျင်းဖွဲ့၍ သီးသန့်အနေနဲ့စိုက်ပျိုးနိုင်သလို  ကြက်သွန်နီဘောင်များ ပေါ်တွင်လည်းကောင်း၊ မေမြို့ပန်းဘောင်များပေါ်တွင်လည်းကောင်း စိုက်ပျိုးနိုင်ပါတယ်၊ စိုက်ပျိးထားတဲ့ မုံလာဥဖြူများကို (၄၅) ရက်သားဆိုရင် စျေးကွက် သို့တင်ပို့ရောင်းချလို့ရပါပြီ၊ မိမိအခင်းထဲအထိ လာရောက်ဝယ်ယူသူရှိသလို မြို့မစျေးကိုလည်းတင်ပို့ ရောင်းချပါတယ်၊ မုံလာဥဖြူသုံးပင်ကို (၂၀၀) ကျပ်နဲ့ရောင်းချရပါတယ်၊ မိသားစုဟင်းစားအနေနဲ့ မိမိခြံထဲမှထွက်ရှိတဲ့ အသီးအနှံများကို ချက်ပြုတ်စားသောက်နိုင်သလို အပိုဝင်ငွေလည်းရရှိတာပေါ့” ဟု မုံလာဥဖြူစိုက်ပျိုးသူ မဖြူမကပြောသည်။

မူမူစန်း