ပြည်မြို့တွင်ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) အသေးစား၊ အလတ်စားနှင့်အငယ်စား(MSMEs) ဒေသထုတ်ကုန်စည်ပြပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အားပေး

ပြည် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့ညနေ ၆ နာရီက ပြည်မြို့ယဉ်ကျေးမှုကဇာတ်ရုံ(ခေတ္တရာပြည်သူ့ခန်းမ)၌ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ ပြည်ခရိုင်၊ နတ္တလင်းခရိုင်နှင့် သာယာဝတီခရိုင်တို့၏ အသေးစား၊ အလတ်စားနှင့်အငယ်စား(MSMEs) ဒေသထုတ်ကုန်စည်ပြပွဲ ဖွင့်အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ယင်းဒေသထုတ်ကုန်စည်ပြပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများဖြစ်သော ဗိုလ်မှူးကြီးအောင်သောင်းထိုက်နှင့် ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြပွဲတွင်လာရောက်ဖွင့်လှစ် ရောင်းချလျက်ရှိသော ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ ပြည်၊ နတ်တလင်းနှင့် သာယာဝတီခရိုင်တွင်းရှိ လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်စည်(MSMEs) ရောင်းဆိုင်များအား လည်ကြည့်ရှု အားပေးခဲကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် မြေပဲဆီ၊ သစ်သီးယုံမျိုးစုံ၊ ပဲကြော်၊ အအေးဘူးမျိုးစုံ၊ နံကထိုင်နှင့် မုန့်မျိုးစုံ၊ ပြည်ထမင်းသုပ်၊ ငှက်သိုက်မုန့်၊ ငါးငပိရည်ကြိုနှင့် ငပိထောင်း၊ မလိုင်နှင့် ယိုမျိုးစုံ၊ ဒေသထွက်ရိုးရာအစားအစာများနှင့် အသုံးအဆောင်ပစ္စည်းများ အပါအဝင် ငရုတ်သီးမှုန့်၊ ရွှေတောင်/အင်းမဒေသထွက်ချည်ထည်အမျိုးမျိုးနှင့် စည်းလုံချည်အစရှိသည့် ဒေသထွက်ကုန်အရောင်းဆိုင်များ လာရောက်ဖွင့်လှစ် ပြသကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)