ငပုတောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအောင်ချက်မြင့်မားရေးအတွက် အချိန်ပိုသင်ကြားနေမှုအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုအားပေး

ငပုတော ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးတို့သည် ယနေ့နံနက်(၁၀)နာရီအချိန်က ငပုတောမြို့အခြေခံပညာအထက်တန်းကျောင်းနှင့် ​ဖျန်ရေကျော်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအောင်ချက်မြင့်မားရေးအတွက် အချိန်ပိုလေ့ကျင့်သင်ကြားနေမှုအားကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြသည်။

ထို့သို့တွေ့ဆုံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖြေဆိုချိန်နီးကပ်လာပြီဖြစ်ပါ၍ အားသွန်ခွန်စိုက်စာပေများကို သေချာကျက်မှတ်၍ လေ့လာရမည်ဖြစ်ပါကြောင်း၊ မိမိဘဝတိုးတက်ရေးအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ရန်လိုကြောင်း၊ ပြဌာန်းစာအုပ်ပါ မေးခွန်းများသာမက မေးခွန်းဟောင်းများပါ သေချာတွက်ချက်လေ့လာရန် လိုကြောင်း၊ ကျန်းမာရေးအထူးဂရုစိုက်ရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှ စာပေများကိုဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါကြောင်း နှင့် အခြားလိုအပ်သည်များကိုဖြည့်စွက် မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့် တာဝန်ရှိသူများသည် ကျောင်းဝန်းအတွင်း လှည့်လည့်ကြည့်ရှုကာ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးလှပစေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)