ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ဇန်နဝါရီလ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ငပုတော ဇန်နဝါရီ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြိူ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ နေ့လည် (၁၂)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂)ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးရာတွင် လူဦးရေစာရင်းများ မှန်ကန်တိကျစေရန် လိုအပ်ကြောင်း၊ ပညာရေးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မာရေးနှင့် ပတ်သတ်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးဌာနအနေဖြင့် သီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးအတွက် အလေးထားပြီးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို သက်ဆိုင်ရာဌာနမှ စာရင်းပြုစုပေးရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုနေ့အကြိုဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ရုံးဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံများ သစ်လွင်တောက်ပရန် လိုအပ်ကြောင်း၊ အခွန်အကောက်နှင့် သက်ဆိုင်သော ဌာနအနေဖြင့် ယခင်နှစ်များနှင့် အလားတူ အခွန်များ ကောက်ခံနိုင်ရန်လိုကြောင်း၊ အပတ်စဉ်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှုအားနည်းလာသဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုကြောင်းနှင့်အခြား လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ ပြန်လည်တင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ( ပြန်/ ဆက်)