ပခုက္ကူ ဇန်နဝါရီ ၁၄
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဘောလီဘောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့်ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရမည့် ထူးချွန်ထက်မြက်သောမျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် ဘောလီဘောပြိုင်ပွဲပထမပွဲစဉ်အဖြစ် ဝိဇ္ဇာဘာသာရပ်ဌာနများပါဝင်သော ညွှန့်ပေါင်း(အမျိုးသမီး)အသင်းနှင့် ဓာတုဗေဒဌာန(အမျိုးသမီး)အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒ(အမျိုးသမီး)အသင်းကနှစ်ပွဲပြတ်ဖြင့်အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံမှ အမျိုးသမီး(၆)သင်း၊ အမျိုးသား(၈)သင်း စုစုပေါင်း(၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၈ ရက်အထိ ခြောက်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)