မလှိုင် ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာ(၁၅)ခုမှ အကြီးအကဲများနှင့် လက်စွေ့ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ကဒေသခံ ပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးပေးရန် ပြောကြားခဲ့သည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၆)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့်လမ်းရရှိရေးကဏ္ဍ(၂)ခု ၊ ကျန်းမာရေးကဏ္ဍ(၂)ခု၊ ပညာရေးကဏ္ဍ(၁)ခု၊ အုပ်ချုပ်ရေးမှူးရုံး ရရှိရေးကဏ္ဍ(၁)ခု၊ လမ်းရေကျော်ရရှိရေးကဏ္ဍ(၁)ခု စုစုပေါင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်း အတွက် လိုအပ်သည့် လုပ်ငန်း(၇)ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး) မှ လူဦးရေစာရင်း တိကျမှန်ကန်မှုရှိရေး အိမ်ထောင်စုလူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးပြီး မွေးတိုးအသစ် မထည့်ရသေးသူများအား အချက်အလက်ပြည့်စုံမှန်ကန်ပါက ထည့်သွင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ကျော့ကျော့ခိုင်က ဒေသခံပြည်သူများအား ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြုစနစ်(Proportional Representation) ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်၍ PR စနစ်အကြောင်းကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)