လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရန်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လားရှိုး ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ယနေ့ နံနက်(၈)နာရီအချိန်က အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ် ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးခဲ့သည်။

တိုင်းမှူးနှင့်အဖွဲ့သည် လားရှိုးမြို့ရှိ အခြေခံပညာကျောင်းများ၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာမှ သာသနာ(၂၅၀၀)စေတီလမ်းတစ်လျောက်၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီပရိဝုဏ် အတွင်း၊ အပြင် ခြုံနွယ်များနှင့်အမှိုက်များရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်းခြုံနွယ်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေးအတွက်​ ရေနှုတ်မြောင်းများ တူးဖော်ခြင်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးတပ်နယ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများပါဝင်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး (ပြန်/ ဆက်)