ထားဝယ် ဇန်နဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ၂ဝ၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ဆရာဟူသည် ထာဝရကျောင်းသားကြီး” ဖြစ်သည်နှင့်အညီ မိမိကိုယ်ကိုပြန်လည်သုံးသပ်၍ အသစ်သစ်သောပညာရပ်များကိုလည်း အစဉ်အမြဲလေ့လာဆည်းပူးနေရမည်ဖြစ်ကြောင်း၊ ဒါ့အပြင် အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့်များနှင့်ချိတ်ဆက်ပြီး အရည်အသွေးတိုးတက်အောင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ပညာရေးသည်နိုင်ငံသားတစ်ဦးချင်းစီ၏ ဘဝအဆင့်အတန်းအခွင့်အလမ်းများ ဖန်တီးပေးပြီးနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်းအထောက်အကူဖြစ်စေကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တနင်္သာရီတိုင်းဒေသကြီးအောင်ချက်မှာ ၄၅.၉၅% ဖြစ်ပြီး ထားဝယ်ခရိုင်အောင်ချက်မှာ ၄၃.၉၃% ရရှိခဲ့သဖြင့် ယခု ၂၀၂၃ခုနှစ်တွင် ယခင်နှစ်ထက် ပိုမိုတိုးတက်စေရေးအတွက် ယခုကဲ့သို့ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲပြီး၍ သက်ဆိုင်ရာကျောင်းအသီးသီးသို့ ပြန်လည်ရောက်ရှိသည် အခါဆွေးနွေးပွဲမှရရှိသော တန်ဖိုးမဖြတ်နိုင်သည့်အတွေ့အကြုံကောင်းများကိုမိမိတပည့်ကျောင်းသား၊ ကျောင်းသူများအား ထိရောက်စွာပြန်လည်သင်ကြားပို့ချပေးကြရန်လိုအပ်ကြောင်း၊ ယခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာတိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်းကို ယခင်နှစ်ထက် ပိုမို တိုးတက်အောင် ပညာရေးဝန်ထမ်းအားလုံးက ကြိုးပမ်းပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက အောင်ချက်မြင့်မားရေး အတွက်ဘာသာရပ်အလိုက် ပို့ချမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး သင်တန်းပို့ချမည့် ဆရာကြီး၊ ဆရာမကြီးများက တစ်ဦးချင်းမိတ်ဆက်ကာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ လူမှုရေးရာဝန်ကြီး၊ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဘာသာရပ်အသီးသီးမှဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဆရာ/မများက စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ ဆက်)