မအူပင် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာပတ်အနောက်ကျေးရွာအုပ်စု ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ကုန်းတန်းကြီးကျေးရွာရှိ ရွှေပါရမီကျောင်းတိုက်အတွင်း ယမန်နေ့ ညနေ ၃ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာ ပြုလုပ်နိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးစသည့် လုပ်ငန်း ကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ သက်ဆိုင်ရာ ဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းအေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ဇော်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)