အင်္ဂပူမြို့နယ်ဇောင်းတန်း (အ-ထ-က) ကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

အင်္ဂပူ ဇန်နဝါရီလ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ အနာဂတ် လူငယ်လူရွယ်များသည် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် သူများဖြစ်ရာ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းကတွင်  အ -ထ -က ဇောင်းတန်း အင်ကြင်း‌ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ-ထ-က ဇောင်းတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဝင်းဦး အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်က  လူငယ်စကားဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား  ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ Grade -11 မှ မောင် ဇေယျာအောင်၊ Grade-10 မှ‌ မောင်မင်းခန်အောင်၊ Grade-9 မှ‌ မောင်ကောင်းခိုင်ခန့်၊Grade-8မှ‌ မသဇင်ဦးနှင့် Grade – 7 မှ မမြမြင့်မိုရ်တို့မှ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အ-ထ-က ဇောင်းတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဦးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)