မအူပင် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၉)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) လမ်းသစ်ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန် ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါ ကျောင်းဘောလုံးကွင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်စန်းယုမော်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ အ.လ.က(ခွဲ)လမ်းသစ် ကျောင်းအုပ်ဆရာကြီး ဦးမျိုးဇော်ဝင်းက ပညာရည်ချွန် ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် ကျောင်းသား/သူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရေး တို့အား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်အောင်က ကျောင်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများနှင့် ကျောင်းသား/သူများ ဘက်စုံထူးချွန်ရေး ဆရာ၊ မိဘ၊ ကျောင်းသားများက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူများနှင့် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူများက တေးသရုပ်ဖော် အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)