သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

သာယာဝတီ   ဇန်နဝါရီ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile သုံးဘီးယာဉ်ဖြင့် ပြည်သူများနှင့်ကျောင်းသား/ကျောင်းသူများအား စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက သင်တောရိုးကျေးရွာအခြေခံပညာမူလွန်ကျောင်းနှင့် ဂွေးချောင်းကျေးရွာ မူလတန်းကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ သုတရသစာအုပ်များအား အခမဲ့ငှားရမ်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်များပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများပြုလုပ်ပေးခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် သာယာ၀တီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ၊ စာဖတ်ပရိသတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှုပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ Mobile သုံးဘီးယာဉ်ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊  မဂ္ဂဇင်း/စာစောင် စသည့်စာအုပ်ပေါင်း ၁၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်အားထက်သန်ပျော်ရွှင်စွာဖြင့်ဖတ်ရှုခဲ့ကြသည်။

ယခုကဲ့သို့ စာအုပ်များငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်း၊ ပုံပြင်များပြောပြစေခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက် မြင့်မားလာစေရန်ရည်ရွယ်ပြီး ယခုလို ကျောင်းအရောက် ကွင်းဆင်းခြင်းဖြစ်ကြောင်းသိရသည်။

သာယာ၀တီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Mobile သုံးဘီးယာဉ်ဖြင့် ရပ်ကွက်များ/ကျေးရွာများနှင့် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)