ချောင်းသာမြို့၌ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထိုးနှံ

ချောင်းသာ ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် ကျောင်းသားလူငယ်များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကိုဗစ်ကာကွယ်ဆေး (Booster) ကို အ-မ-က(၈) ကျောင်းတွင်  ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေး (Booster)ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား/သူများအား ဝင်ရောက်လာသည်နှင့် ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်တိုင်းခြင်းနှင့် ဆေးမထိုးမီ နာရီဝက်ခန့်နားနေစေခြင်း၊ ကျောင်းသားလူငယ်များ၏ မိဘများကိုလည်း အတူတကွလိုက်ပါလာစေပြီး ကျောင်းသားလူငယ်များအား ကာကွယ်ဆေး ထိုးရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခြင်းနှင့် ဆေးထိုးပြီးသောအခါတွင်လည်း နာရီဝက်ခန့်နားနေစောင့်ကြည့်ခြင်းဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ချောင်းသာမြို့ရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အချိန်မှန် မပျက်မကွက်ထိုးနှံပေးလျှက်ရှိပြီး ကျောင်းသား/သူများနှင့် အုပ်ထိန်းသူ မိဘပြည်သူများကလည်း အတူတကွ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ချောင်းသာ (ပြန်/ဆက်)