နည်းပညာတက္ကသိုလ်(တောင်ငူ)၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

တောင်ငူ ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ တင်ဝင်းမွန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် အမိတက္ကသိုလ်က ချမှတ်ထားသော ကျောင်းစည်းကမ်း၊ စာသင်ခန်းနှင့် လက်တွေ့ခန်းများတွင် လိုက်နာရမည့်စည်းကမ်း၊ အဆောင်စည်းကမ်းများကို စနစ်တကျလိုက်နာပြီး အင်ဂျင်နီယာပညာရပ်များကို ဆည်းပူးလေ့လာရင်းဖြင့် ကျင့်ဝတ်နှင့်ပြည့်စုံသော စည်းကမ်းရှိသော၊ စိတ်ဓာတ်ကောင်းသော၊ ပူးပေါင်းဆောင်ရွက်တတ်သော၊ ဗလငါးတန်နှင့် ပြည့်စုံသော အင်ဂျင်နီယာများဖြစ်စေရန်နှင့် တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သော ``အခွင့်အရေးမှ အခွင့်အလမ်းသို့´´ ဆိုသည့်အတိုင်း အချိန်ကိုတန်ဖိုးရှိစွာ အသုံးချပြီး ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။ ထိုနောက် စီနီယာကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဂျူနီယာ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ဒုတိယပါမောက္ခချုပ်၊ သင်တန်းမှူး၊ ဘာသာရပ်ဆိုင်ရာဌာနမှူးများက မြို့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ် အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်း၊ သုတနည်းပညာအင်ဂျင်နီယာသင်တန်းနှင့် စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာသင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္တနှစ်၊ ပဉ္စမနှစ် ကျောင်းသားကျောင်းသူများကို ပညာရည်ချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူများက ပြည်ထောင်စု အင်အား သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး အင်ဂျင်နီယာသင်တန်းအလိုက် တေးသီချင်းများဖြင့် သီဆို​ဖျော်ဖြေကြကြောင်းနှင့် အဆိုပါတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ ဦးရေ ၉၂၀ တက်ရောက်သင်ကြားလျက်ရှိပြီး မောင်မယ်သစ်လွင် ဦးရေ ၁၂၀ ရှိကြောင်းသိရသည်။

ဇော်ကိုကို (ပြန်/ ဆက်)