သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်

သာပေါင်း ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကျော်သူလွင်မှ မီးသတ်ဌာနအနေဖြင့် ရည်မှန်းချက် တာဝန်(၄)ရပ်ဖြင့် မိဘပြည်သူများအား အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ မဆုံးရှုံးရစေရေး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့ကို ရည်မှန်းဆောင်ရွက်လျက်ရှိရာ ခုလိုပူပြင်းခြောက်သွေ့သော ရာသီဖြစ်၍ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား စနစ်တကျ မီးသုံးစွဲချိန် သက်မှတ်ထားပြီး၊ သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့တို့မှ စဉ်ဆက်မပျက် နေ့ည အလေးထား စစ်ဆေးလျက်ရှိကြောင်း မြို့နယ်၏ ရပ်ကွက်၊ကျေးရွာများသည် မီးသတ်ကား သွားလာရ ခက်ခဲသော အခြေအနေရှိခြင်းကြောင့် အပေါ့စားမီးသတ်စက်များနှင့် ငဝန်မြစ်မှ အရေးပေါ် ရေတင်နိုင်ရေး ပိုက်များအဆင်သင့် ပြင်ဆင်ထားရှိပြီး၊ ကျေးရွာ မီးသတ်ရေကန်များ ဆောင်ရွက်ထားရှိခြင်း၊ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ‌ ဆောင်ရွက်ကြရာတွင် မီးဘေးလုံခြုံရေး ထိရောက်စွာအသိပညာပေး ဟောပြောခြင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာမီးဘေးလုံခြုံရေး စီမံထားရှိချက်များအား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်