ကျောက်တံခါးမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောက်တံခါး  ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် အခြေခံပညာအလယ်တန်း (ခင်ကြီး)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးဇော်မင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဒေါ်နုနုခင်က အားကစားသိပ္ပံအကြောင်း အသိပညာဟောပြောသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန်းတင့်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း ကျောင်းသားကျောင်းသူများသိရှိပြီး ရှောင်ကြဉ်တတ်စေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး၏အန္တရာယ်များ၊ မူးယစ်ဆေးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲမိသောအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်ရရှိမည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာအသိပညာပေးနံရံကပ်စာစောင်အား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)