သဲကုန်းမြို့နယ်၌ မြို့နယ်အဆင့် မြစိမ်းရောင်/VRFP/ မြစိမ်းရောင်(ဆီထွက်သီးနှံ) စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲကျင်းပ

သဲကုန်း ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန သဲကုန်းမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ  သက်ဆိုင်သူ ပေါင်းစုံပါဝင်သော မြို့နယ်အဆင့် မြစိမ်းရောင်/ VRFP/ မြစိမ်းရောင်(ဆီထွက်သီးနှံ) စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံမှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်အေး က အကြံပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးက စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးခြင်း ကိစ္စရပ်များ စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် သက်တမ်းတိုးဆောင်ရွက်သည့် ကိစ္စရပ်များ စောင့်ကြည့် စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း စသည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်မြစိမ်းရောင် ကြီးကြပ်မှုကော်မတီများ၊ စီမံကိန်းကျေးရွာများမှ ကော်မတီအဖွဲ့ဝင်များက စီမံကိန်း အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ အားနည်းချက် အားသာချက်များ အကြံပြုချက်များ အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး ပြန်/ဆက်