ကျွန်းလှ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံ ၂၁၈၆၀ ဧက စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် ၂၆၂၃၁ ဧကလျားထားပြီး ယနေ့အချိန်အထိ ၂၁၈၆၀ ဧက (၈၃ ဒသမ ၃၄) ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
“ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပဲမျိုးစုံစိုက်ပျိုးဖို့ ဧက ၂၆၀၀၀ ကျော် လျာထားပါတယ်။ လက်ရှိအချိန်အထိ ဧက ၂၀၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ တစ်နှစ်ထက် တစ်နှစ် ပဲမျိုးစုံ တိုးချဲ့စိုက်ပျိုးလာကြပါတယ်။ ကုလားပဲသီးနှံ သီးထပ်စိုက်ပျိုးဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
ကျွန်းလှမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ၁၁၇၂၃ ဧက၊ စားတော်ပဲ ၇၃၁၅ ဧက၊ စွန်တာပြာ ၂၁၁၅ ဧက၊ ပဲရာဇာ ၄၅၈ ဧက၊ ကုလားပဲ ၂၃၇ ဧက၊ ထောပတ်ပဲ ၁၂ ဧက၊ စုစုပေါင်း ပဲမျိုးစုံ ၂၁၈၆၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ပဲမျိုးစုံစိုက်ခင်းများ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ စသည့်စိုက်ပျိုးရေးဆိုင်ရာများကို အသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ