ပခုက္ကူ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များ၌ တရားမဝင်ဆေးနှင့် ဆေးဝါးဆက်စပ်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိအခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပါဝင်သည့် ဈေးကွက်စောင့်ကြည့်ရေး အဖွဲ့မှတာဝန်ရှိသူများက ပခုက္ကူမြို့၊ အမှတ်(၁) စည်ပင်သာယာဈေးကြီးအပါအဝင် မြို့ပေါ်ဆေးဆိုင်ကြီးများ၌ သတ်မှတ်ရက်ကျော်လွန်သော ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း ရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိ အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဝယ်ယူသုံးစွဲသည့် ပြည်သူအများ ဘေးကင်းလုံခြုံမှုရရှိစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဈေးနှုန်းမှန်ကန်စွာ ဖြန့်ဖြူးရောင်းချရေးတို့အတွက် ဆေးဆိုင်ပိုင်ရှင်များအား ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)