မင်းကင်း ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မင်းကင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဇဉ်အေးက ပညာရေး စုံညီပွဲတော် ကျင်းပရခြင်းနှင့် ကျောင်းသူ/သားများ ဘက်စုံထူးချွန်ရန်အတွက် မိဘ၊ ဆရာ၊ ကျောင်းသားများ ပူးပေါင်း ဆောင်ရွက်ရန်လိုပြီး မိမိတို့ကျောင်းမှ ဆရာ/ဆရာမများ ကြိုးစားအားထုတ်မှု၊ စည်းကမ်းပြည့်ဝမှုကြောင့် ထူးချွန်ထက်မြက်သော ကျောင်းသား/သူများ ပေါ်ထွန်းလာခြင်းဖြစ်ရာ ယခုပိုမို၍ ဆက်လက်ကြိုးစားရန်လိုကြောင်းပြောကြားခဲ့ပြီးနောက် Grade-8 ကျောင်းသူများက စုံညီပွဲတော်သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများ၊ အင်္ဂလိပ်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် အဆိုပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူတို့က ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား/သူများက အကပဒေသာ များဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)